လှည်းကူးမြို့နယ်တွင် သတင်းစာဆရာအသင်း စုံညီအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကျင်းပ

လှည်းကူး ဇန်နဝါရီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် သတင်းစာရေးဆရာအသင်း စုံညီအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်း (တင်ဝင်းလေး-ကြည့်မြင့်တိုင်) က တိုင်းသတင်းစာဆရာအသင်း၏ အခြေအနေနှင့် ရှေ့ဆက်လှမ်းမည့် အခြေအတို့အားတင်ပြပြီး တိုင်းသတင်းစာဆရာအသင်း တွဲဖက်အတွင်းရေးမှူး လူမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းရင်က အသင်းဝင်သတင်းစာဆရာများအပေါ် ကူညီပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးကြည် (ကိုချို-ပီတိ) မှ ဖွဲ့စည်းထားပြီးသော အလုပ်အမှုဆောင်စာရင်းအား ဖတ်ကြား၍ အသင်း၏အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် အလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ကတိသစ္စာခံယူကြသည်။

ထို့နောက် မြို့နယ်သတင်းစာဆရာအသင်းမှ တိုင်းသတင်းစာဆရာအသင်း ညီလာခံကျင်းပနိုင်ရေးအအတွက် အလှူငွေကျပ် (၁) သိန်းကို ပေးအပ်လှူဒါန်းပြီး တိုင်းသတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်တင် (မောင်သာတင်-မြန်အောင်) မှ အသင်း၏သမိုင်းကြောင်းအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)