ဒဂုံအရှေ့ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် မြို့နယ်သက်ကြီးကန်တော့ခံစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဂုဏ်ထူးဆောင်နာယက၊ မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်း ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇဒေါက်တာအရှင်နေမိန္ဒ(နေနေနိုင်သူ)ထံမှ ဩဝါဒနာယူခဲ့ပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းမှပေးပို့သော စာဆိုတော်နေ့သဝဏ်လွှာကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်တိုးကြည်(မြကြေးမုံ-ရတနာဆောင်)က ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ကန်တော့ခံစာပေပညာရှင်များ၏ ကိုယ်ရေးအကျဉ်းကို မြို့နယ်စာရေးဆရာအသင်းအမှုဆောင်ကော်မတီဝင်ဦးလပြည့်ဇင်(လက်ယာ-မေတ္တာတံခွန်)ကဖတ်ကြားခဲ့ပြီး အခမ်းအနားနှင့်ပတ်သက်၍ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူးဦးဝင်းကိုကိုလတ်(ဖိုးလောင်းတူး-ဥပဒေ)က ရှင်းလင်းပြောကြား၍ ကန်တော့ခံစာပေပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ရာ ပူဇော်ကန်တော့ငွေနှင့် ပစ္စည်းများအား ဆရာကြီးများထံ ပေးအပ်ခဲ့သည်။
ထို့နောက် ကန်တော့ခံစာပေပညာရှင်ကြီးများကိုယ်စား ဆရာကြီးဦးဝင်းဆွေ(ဝင်းယုဆွေ)က ဆုံးမစကားပြောကြားခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ