ကျောက်ဆည် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်) တွင်ဓာတုသွင်းကုန်များ အစားထိုးအသုံးပြုနိုင်ခြင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့နည်းစေခြင်း၊ အပင်များ ကိုင်းကူး/ကိုင်းဆက်ပြုနိုင်ခြင်း၊ အသီး၊ အရွက်၊ အပွင့်များ ခူးပြီးချိန်တွင် ကြာရှည်ခံခြင်း၊ အစေ့အညှောင့်များဖောက်ခြင်း၊ အပင်များပြောင်းရွှေ့စိုက်ပျိုးခြင်းနှင့် ရောဂါပိုးမွှားများ ကြိုတင်ကာကွယ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရွှေစိမ်း၊ ရွှေဆည်ရည်၊ ရွှေပိုးနှင်ဆေး စသည့် ဇီဝထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဇီဝသဘာဝဆေးများကို အပင်ကြီးထွားမှုဆင့်ဆင့်အား လှုံ့ဆော်ပေးနိုင်သော ရေငံပုစွန်ခွံမှ ဘာဝဘေးထွက်ပစ္စည်းဖြစ်သော ဓါတုနည်းဖြင့်ရရှိသည့် ခိုင်တိုစန် ဓာတ်ပေါင်းကို အခြေခံ၍ အခြားသဘာဝပစ္စည်းများဖြစ်သော ငါးအမိုင်နိုအက်ဆစ်နှင့် ဝါးရှာလကာရည်တို့ကို ထည့်သွင်းပေါင်းစပ် ထုတ်လုပ်ထားသော အပင်အားဖြည့်ဆေးရည်များဖြစ်ကြောင်းနှင့် ဇီဝဆေးများအသုံးပြုခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့ချနိုင်ခြင်း လူ၊ အပင်နှင့်တိရစ္ဆာန်တို့အတွက် အန္တရာယ်ကင်းပြီး သဘာဝပတ်ဝန်းကျင် ဂေဟစနစ် မပျက်စီးစေပဲ ရေရှည်ထိန်းသိမ်းနိုင်ပြီး ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုနိုင်းခြင်း၊ သီးပင်စားပင်/ ပန်းမာလာများ ကြီးထွားသန်မာခြင်း၊ ခူးဆွတ်ပြီး ရေရှည်သိမ်းဆည်းနိုင်ခြင်း၊ စားသုံးသူပြည်သူများအတွက် ဓာတုအဆိပ်အတောက်ဖြစ်မှုမှ ကင်းဝေးစေခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်ကြောင်း သိရသည်။
ဇီဝသဘာရွက်ဖြန်းဆေးများ အသုံးပြုခြင်းကြောင့် ဇီဝမျိုးစုံ၊မျိုးကွဲများ (Biodiversity) ကို မပျက်စီးစေပဲ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် (ecosystem) ကို ရေရှည်ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်သည့်အပြင် စပါး၊ ကောက်ပဲသီးနှံအမျိုးမျိုးနှင့်သီးပင်စားပင်များအတွက် အကျိုးရှိသော ဇီဝထုတ်ကုန်အပင်အားဖြည့် ဆေးရည်များဖြစ်ကြောင်း ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)