မိတ္ထီလာ ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးရေး ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဆည်ကုန်းကျေးရွာတွင် မြစိမ်း ရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ကျပ် (၂၀)သန်း၊ ပြည်သူထည့်ဝင်ငွေ ကျပ်(၀.၆၉)သန်း၊ စုစုပေါင်း ကျပ် (၂၀.၆၉)သန်းဖြင့် အရှည် ပေ ၆၀၀ ၊ အကျယ် ၁၂ ပေ ၊ ထု ၆လက်မရှိ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူကျေးရွာသားများက ဆောင်ရွက်ခဲ့ရာ ၎င်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးဖြစ်၍ ကျေးရွာရှိ အိမ်ခြေ (၂၀၁)အိမ်၊ လူဦးရေ (၁၀၁၈)ဦး အား အကျိုးပြုပေးနိုင်မည်ဖြစ်သည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုအခြေအနေအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြစိမ်း ရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ၊ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းအရည်အသွေး ပြည့်မီစွာဆောင်ရွက်သွားကြရန်၊ လုပ်ငန်းအသုံးစရိတ်များအား ပြည်သူလူထုသို့ ချပြရှင်းလင်းသွားရန်၊ စာရင်းစစ်ဆေးခံနိုင်ရေး ပြေစာဘောင်ချာများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ ကွန်ကရစ်လမ်းရေရှည်ထိန်းသိမ်းနိုင်မည့် အစီအစဉ်များ ချမှတ်သွားရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)