ကျောက်ဆည်မြို့နယ်တွင် ကာလတိုဟင်းသီးဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ

ကျောက်ဆည် ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆန်စပါး၊ ပဲမျိုးစုံ၊ ဆီထွက်မျိုးစုံနှင့် ငရုပ်၊ ဝါသီးနှံများ အဓိကထားစိုက်ပျိုးကြပြီး တောင်သူတစ်ချို့သည် နေ့စဉ်ဝင်ငွေရရှိရေး ကာလတိုဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကာလတိုသီးနှံများ စိုက်ပျိုးရောင်းချရာတွင် ဆလပ်တွန့်၊ တာချီဆန်၊ အိုးမုံညှင်း၊ နံနံ၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ကြက်သွန်မိတ်၊ မုန်ညှင်းခါး စသည့် ဟင်းသီးဟင်းရွက်ပင်များအား ယာမြေအလွတ်များနှင့် ကိုင်းကျွန်းမြေနုများတွင် စိုက်ပျိုးကြကြောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းကြောင့် ဓာတုဓာတ်ကြွင်း ကင်းလွတ်ရန်အတွက်  ကိုယ်တိုင်ပြုလုပ်ကြသည့် Superဘိုကာရှီ၊ EMဘိုကာရှီ သဘာဝမြေဆွေး မြေဩဇာ၊ ငါးအမိုင်နိုအက်စစ်သဘာဝအပင်အားတိုးဆေး၊ သဘာဝဆေးရွက်ကြီး၊ သဘာဝငရုပ်သီး၊ EM-5 သဘာဝမှိုဆေးများ ပြုလုပ်သုံးစွဲစိုက်ပျိုးကြောင်း ရန်ပုံနှစ်ကျေးရွာမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတစ်ဦးမှ ပြောပြသည်။

မီးဖိုချောင်သုံးသီးနှံများကို နေ့စဉ်ဝင်ငွေရရှိရေး ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးတွင် ကိုယ်တိုင်ရောင်းချမှုခြင်း၊ စိုက်ခင်းသို့ လာရောက်ဝယ်ယူသည့် တစ်ပိုင်တစ်နိုင် နယ်လှည့်ဈေးသည်များသို့ ဖောက်သည်ပေးခြင်းများဖြင့် ရောင်းချကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)