မော်လမြိုင် ဇန်နဝါရီ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်း/အချုပ်ထောင်စခန်း(၁၀)ခုမှ အကျဥ်းသား/သူ(၃၉၅)ဦးတို့အား ဇန်နဝါရီလ ၄ ရက်နေ့က ရာဇဝတ်ကျင့်ထုံး ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရစည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကျိုက်မရောဗဟိုထောင်မှ(၆၁)ဦး၊ မော်လမြိုင်အချုပ်ထောင်မှ(၁၄၀)ဦး၊ သထုံအကျဉ်းထောင်မှ(၃၅)ဦး၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်းမှ အကျဉ်းသား(၃၆)ဦး၊ မုပ္ပလင်(အမျိုးသမီး)ကုန်ထုတ်စခန်းမှ အကျဉ်းသူ(၄၃)ဦး အင်္ဂဘိုရာဘာစိုက်ပျိုးရေးစခန်း(ရွှေဖြူ)မှ အကျဉ်းသား(၈)ဦး တောင်စွန်းစခန်းမှ(၂၀)ဦး၊ ရင်ငြိမ်စခန်းမှ(၂၆)ဦး၊ အင်ဗြောင်စခန်းမှ(၈)ဦး၊ ဇင်းကျိုက်စခန်းမှ(၁၈)ဦး စုစုပေါင်းအကျဉ်းသား/သူ(၃၉၅)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ(၃၉၅)ဦးတို့အား အကျဉ်း/အချုပ်ထောင် တာဝန်ခံအရာရှိနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့်လုပ်အားရှင် ခံစားခွင့်များပေး၍လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်