ကျိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေး စုံညီပွဲတော်ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့) အဖွဲ့ဝင်-၄ ဦးအောင်မြတ်သာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေ၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ ညွန်ကြားရေးမှူး ဒေါ်နော်ရုသ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ထက်က အမှာစကားပြောကြားပြီး ပညာရေးစုံညီပွဲ‌တော်အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးခွဲ(ကျိုင်းတုံ)မှ ညွန်ကြားရေးမှူး ဒေါ်နော်ရုသ် က ပညာရေးစုံညီပွဲ‌တော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း အောင်ချက်အကောင်းဆုံးရရှိသော ကျောင်းများ၊ Clean and Green စံပြဆုရရှိသောကျောင်းများကို ဆုချီးမြှင့်ခြင်းနှင့် အထိမ်းအမှတ်နေ့များအလိုက် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအလှများ၊ တေးသရုပ်ဖော်များဖြင့် ဖြေဖျော်တင်ဆက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)