မိုင်းပျဉ်းမြို့ မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

မိုင်းပျဉ်း ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီက အဆိုပါစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 ရှေးဦးစွာ မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသူရမောင်က မီးဘေးကြိုတင်ကာကွယ်ရေး၊  မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များနှင့် မီးဘေးနှင့်ပတ်သက်၍ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ချိတ်ဆွဲထားရှိမှုအခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဈေးသူဈေးသားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

 အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦးနှင့် စည်ပင်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူ/ဈေးသားများတက်ရောက်ကြည့်ရှုခဲ့ပြီး ဈေးဆိုင်ခန်းများအတွင်း မီးသုံးစွဲရောင်းချနေမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်ဆက်)