တာမွေ ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် သီဆို၍လည်းကောင်း၊ မြတ်ဆရာသီချင်းအား သီဆို၍လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မို့မို့အောင်နှင့် တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ငြိမ်းငြိမ်းတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်ဆုရရှိခဲ့ကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား/သူလေးများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူလေးများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တာမွေမြို့နယ်ရှိ အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၂၆)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)