မက်မန်းမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

မက်မန်း ဇန်နဝါရီ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများ ကျန်းမာရေးဗဟုသုတများပိုမိုရရှိစေရန်ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့နယ် မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက ကျန်းမာရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ဆေးလိပ်သောက်ခြင်းကြောင့် ရရှိနိုင်မည့် ကျန်းမာရေးဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မက်မန်းမြို့နယ် ပြည်သူ့ဆေးရုံမှ  ဒေါက်တာတိုးသူရအောင်က ဆီးချိုသွေးချိုဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ဆီးချို၊ သွေးချိုဖြစ်ပွားလာပါက ရှောင်ကြဉ်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မင်းရန်အောင်ကျေးရွာရှိ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကျေးရွာရှိပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ လှူဒါန်းပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။      

ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုနှင့် အဖွဲ့ဝင်များက သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။  

အေဇ‌က်ထွန်း(မက်မန်း)