ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၄.၁.၂၀၂၅ ရက်စွဲပါ အမိန့်အမှတ်၊ ၂/၂၀၂၅နှင့် ၄/၂၀၂၅တို့ဖြင့်၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နုလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ပုဒ်မခွဲ(၁)အရ အကျဉ်းသား၊ အကျဉ်းသူ(၁၀၀၉)ဦးအား လွတ်ငြိမ်းသက်သာခွင့်လွှတ်ပေးပွဲကို ယနေ့နံနက်ပိုင်းက အင်းစိန်ဗဟို အကျဉ်းထောင်ဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်တို့က ဆုံးမဩဝါဒစကား အသီးသီးပြောကြားပြီး လွတ်မြောက်သည့် အကျဉ်းသား၊ အကျဉ်းသူများကို တစ်ဦးချင်းလိုက်လံနှုတ်ဆက်စကားပြောကြားခဲ့သည်။
အင်းစိန်ဗဟိုအကျဉ်းထောင်မှ နိုင်ငံသားအကျဉ်းသား(၇၆၈)ဦး၊ အကျဉ်းသူ(၂၀၈)ဦး၊ နိုင်ငံခြားသား အကျဉ်းသား/သူ(၉)ဦး၊ ဘင်္ဂါလီအကျဉ်းသား(၂၀)ဦး၊ အကျဉ်းသူ(၄)ဦး၊ စုစုပေါင်း (၁၀၀၉)ဦးတို့ကို YBS မော်တော်ယာဉ်များဖြင့် ၎င်းတို့သွားလိုသည့် နေရပ်အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးချုပ်စိန်လွင်၊ အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ညွှန်ကြားရေးမှူးဦးမျိုးဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံအရာရှိနှင့်တာဝန်ရှိသူများ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့် အဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို