ကျိုက်ထို ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိအကျဉ်းစခန်း(၃)ခုမှ အကျဥ်းသား၊သူ(၈၈)ဦးတို့အား ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအား လျော့ပေါ့၍ တာဝန်ရှိသူတို့က ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
ထို့သို့လွတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်(အမျိုးသား)ကုန်ထုတ်စခန်းမှ အကျဉ်းသား(၃၇)ဦး၊ မုပ္ပလင်(အမျိုးသမီး)ကုန်ထုတ်စခန်းမှ အကျဉ်းသူ(၄၃)ဦး အင်္ဂဘိုရာဘာစိုက်ပျိုးရေးစခန်း(ရွှေဖြူ)မှ အကျဉ်းသား (၈)ဦး စုစုပေါင်း အကျဉ်းသား၊သူ(၈၈)ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
အဆိုပါပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူ (၈၈)ဦးတို့အား အကျဉ်းထောင် တာဝန်ခံအရာရှိ နှင့် တာဝန်ရှိသူများက ဆုံးမစကားများ ပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)