သာစည်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပ

သာစည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့နံနက်ကကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသူများနှင့် ဂုဏ်ပြုတပ်ဖွဲ့တို့က နေရာယူကြပြီး နံနက် ၄ နာရီ ၂၀ မိနစ်တွင် နိုင်ငံတော်အလံကို လွှင့်တင်အလေးပြုကြသည်။ ဆက်လက်ပြီး နံနက် ၇ နာရီတွင် သဝဏ်လွှာ ဖတ်ပွဲကို မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာ သူများကနိုင်ငံတော်အလံကို ဦးစွာအလေးပြုကြသည်။ ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဖတ်ကြားသည်။ ဆက်လက်ပြီး(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျင်းပပြုလုပ်သော အထက်တန်းနှင့်အလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဘောလုံးပြိင်ပွဲနှင့် အလွတ်တန်းသုံးယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲတို့၌ ဆုရရှိသည့်အသင်းများနှင့် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ဆုဖလားနှင့်ဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်သည်။ အခမ်းအနားတွင် အ.ထ.က(၁) နှင့်အ.ထ.က(၂)တို့မှ ကျောင်းသား/ကျောင်းသူလေးများက သီချင်းများဖြင့်ကပြဖျော်ဖြေခဲ့ကြပြီး သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေသော ကျောင်းသား/သူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ဂုဏ်ပြုငွေများချီးမြှင့်သည်။ 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ.ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဖိတ်ကြားထားသူများ၊ ဆရာ/မများ၊ ဆုရရှိသော အားကစားသမားများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)