ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ဇန်နဝါရီ

၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲအလံတင်တပ်စုမှူး ဗိုလ်ကြီးဇော်ဇော်နိုင်ဦးဆောင်သည့် အလံတင်တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်ပြီး ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက အလေးပြုခဲ့ကြသည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည် နံနက် ၇ နာရီတွင် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးစိုးသိန်းသည် ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံကို အလေးပြုကြပြီး ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်အပေါင်းတို့အား အလေးပြု၍ သစ္စာလေးချက်ကို ရွတ်ဆိုခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ပေးပို့သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းက ဖတ်ကြားခဲ့သည်။

အဆိုပါ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)