မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၅

၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှေ့ဦးစွာ နိုင်ငံတော်အလံတင်အဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ဘင်ခရာအဖွဲ့တို့မှ ကွင်းအတွင်းနေရာယူ၍ ၂ဝ၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအား လွှင့်ထူခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် ၂ဝ၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းကိုကျင်းပခဲ့ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဂုဏ်ပြုတပ်ခွဲနှင့် စစ်တီးဝိုင်းတို့က ကွင်းအတွင်းသို့ ချီတက်နေရာယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ တက်ရောက်ကြသူများက နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

ထို့နောက်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂ဝ၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

စည်သူ(ပြန်/ဆက်)