မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၄ နာရီ မိနစ်၂၀ အချိန်က (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မိုင်းကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အလံတင်အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်ထူပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

ယင်းနောက်နံနက်(၇)နာရီအချိန်တွင် မိုင်းကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦး‌မောင်တင်ဦးက ဖတ်ကြားခဲ့သည်။

ထို့နောက်(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းကိုင်မြို့နယ်ရုံးက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)