လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ

လသာ ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က လသာမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(မြညီလာ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အ.ထ.က(၂)လသာမှ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက အဖွင့်အမှာစကား​ကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်စံရွှီက ပညာရေးစုံညီပွဲတော်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း​၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား​ကို လည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင် ဘဏ္ဍာရေးမှူးက ကျောင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လည်းကောင်းအသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် ထူးချွန်ဆုရဆရာမများနှင့် လူရည်ချွန် ကျောင်းသူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ဆုရရှိသူများ၊(၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲ တွင်ဆုရရှိသူများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်အားကစားထူးချွန်ဆုရရှိသည့် ကျောင်းသူများနှင့်ပညာရည်ချွန်ဆုရရှိသော ကျောင်းသူများကို တက်‌ရောက်လာသော သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်သို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်‌တော်များ တက်ရောက်ကြရာ တက်ရောက်လာသူများကို အ.ထ.က(၂)မှကျောင်းသူလေးများက အက၊ အလှ သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့က လသာမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကို တစ်ပြိုင်တည်းကျင်းပခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်