သုံးခွ ဇန်နဝါဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာပြပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းမင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူကုန်ကူးမှုအမျိုးအစားများ၊ ဆိုးကျိုးများနှင့် စာပေဖတ်ရှုခြင်းအကျိုးကျေးဇူးများအကြောင်းကို အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မှုခင်းတာဝန်ခံ ရဲအုပ်မင်းသိန်းက လက်ရှိကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုဆိုင်ရာဖြစ်စဉ်များ၊ ရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခြင်းသည် လူအခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကိုထိခိုက်စေသည်ဟု သတ်မှတ်ကြောင်း၊ လူကုန်ကူးမှုဆိုသည့် အဓိပ္ပါယ်ရှင်းလင်းချက်မှာ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရမည့်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုဖြစ်ပွားလာပါက ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား/သူများအား လူကုန်ကူးမှုဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဖြေဆိုနိုင်သူကျောင်းသားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ ဆရာမက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)