မော်လမြိုင် ဇန်နဝါရီလ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အမိန့်အမှတ် ၂/၂၀၂၅ ကို မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ် ပြာသိုလဆန်း (၆)ရက် (၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့)တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား/သူ (၆၄)ဦးအား ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့လွှတ်ပေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် မော်လမြိုင်အချုပ်ထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက် (၆၄)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် မော်လမြိုင်အချုပ်ထောင်မှ အကျဉ်းသား (၅၉)ဦးနှင့် အကျဉ်းသူ (၅)ဦး စုစုပေါင်း (၆၄)ဦးအား အချုပ်ထောင်အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဦး၊ မော်လမြိုင်အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိ ဦးဝင်းနိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်သာဖြိုး၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးကျော်သူနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မော်လမြိုင်မြို့နယ် ဒု-လက်ထောက်ဦးစီးမှူး ဦးမြတ်စိုးတို့က ဆုံးမစကားများပြောကြား၍ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွတ်ပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)