တောင်ကြီး ဇန်နဝါရီ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ်၊ ၂/၂၀၂၅ ဖြင့် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ (ခရစ်နှစ် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့)တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံသားအကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အတွင်းရှိအကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သွားသူ အကျဉ်းသား/အကျဉ်းသူများအား စားစရိတ်နှင့်ခရီးစရိတ်တို့အား ပေးအပ်၍ စနစ် တကျ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သည်။
ထိုသို့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် ညောင်ရွှေအကျဉ်းထောင်မှ ၃၉ ဦး၊ ကျိုင်းတုံအကျဉ်းထောင်မှ ၂၅၀ ဦး၊ မိုင်းဆတ်အကျဉ်းထောင်မှ ၁၇ ဦး၊ တောင်ကြီးအချုပ်ထောင်မှ ၁၄ ဦး၊ စခန်းအသီးသီးမှ ၇၀ ဦး အပါအဝင်ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/ အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/ အကျဉ်းသူစုစုပေါင်း ၃၉၀ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့် မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်(တောင်ကြီး)