မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၅

ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားပြည်သူများနှင့် တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့နေခြင်းသာဖြစ်ပါကြောင်း၊  အဓိကမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး (၃)ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လေးနက်စွာ ခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်တစ်ခုပမာ ထင်ရှားစွာတည်ရှိနေကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ နှစ်ရှည်လများ တိုက်ပွဲဝင်မှသာ ရရှိတတ်သော်လည်း ရရှိပြီး လွတ်လပ်ရေးသည် စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ မျိုးချစ်စိတ်ဓာတ်အားနည်းခြင်းတို့ကြောင့် တစ်ခဏ၌ပင် ဆုံးရှုံးတက်သောအရာဖြစ်သကဲ့သို့ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုရရှိသူ (၉၆) ဦးနှင့် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)