ပုဇွန်တောင်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးမှ (၇၇)နှစ်မြောက် လွတ်လပ်ရေး​နေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းမှ ပြိုင်ပွဲအမျိုးအစားများအလိုက် အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မိခင်များနှင့်မွေးကင်းစမှ အသက် (၂)နှစ်အထိ ရင်သွေးငယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ်တစ်ဦးချင်းစီကိုလည်း အမှတ်တရမေတ္တာလက်ဆောင်အဖြစ် အမွှေးပွရုပ်များအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်မိခင်များနှင့်ကလေးငယ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ အိုင်အိုဒင်းဆား၊ ပါရာစီတမောအရည်၊ အားဆေးနှင့် အာဟာရမှုန့်များ ပေးအပ်ခဲ့ပြီး ကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ပြိုင်ပွဲဝင်မိခင်များနှင့်ကလေးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်