နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်

တပ်ကုန်း ဇန်နဝါရီ ၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေဟိန်းဆန်စက်လုပ်ငန်းသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ရာ ရွှေဟိန်းဆန်စက်ပိုင်ရှင်၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က စပါးဝယ်ယူရေး၊ ဆန်ရောင်းချရေး၊ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးနှင့် တစ်နေ့ စပါးတင်း ၁၀၀၀ ကျော် ကြိတ်ခွဲနိုင်သည့် ဆန်စက်လည်ပတ်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က ဆန်စက်လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ မကျီးပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၃၀၀)၊ ကြို့ပင်သာကွင်း၊ ယာယီပြေးလမ်းအရှည် ၇၅၀ ပေဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နွားဗလာမောင်း၊ အလိုက်၊ ဒုန်းယှဉ်ပြိုင်ပွဲကြည့်ရှုအားပေးခဲ့ပြီးနောက် နွားလှည်းမောင်းသူမပါ ပြိုင်ပွဲဝင်၍ ပန်းတိုင်ဝင်ရောက်လာသည့် နွားများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကြည့်ရှုအားပေးခဲ့ပြီးနောက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့်အသင်းများအား ဆုကြေးငွေနှင့် ဒိုင်းဖလားအား ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်