စဉ့်ကိုင် ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄.၁.၂၀၂၅)ရက်စွဲပါ အမိန့်အမှတ်(၁/၂၀၂၄)ဖြင့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်းအစည်းအဝေးခန်းမများ၌ အကျဉ်းသား (၅၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှုးသိန်းလွင်၊ ဘယ်လင်းအကျဉ်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်စိုးဝင်း (ခေတ္တထောင်ပိုင်ကြီး)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် တာ၀န်ရှိသူများ၊ အကျဉ်းသားများ တက်ရောက်ခဲ့ကြပြီး ဘယ်လင်းအကျဉ်းဦးစီးဌာန ဦးစီးအရာရှိက လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အား ဖတ်ကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်တို့နှင့် တာဝန်ရှိသူများက အကျဉ်းသားများအား ဆုံးမစကားအသီးသီး ပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံစဉ်ရရှိခဲ့သည့် အကျိုးခံစားခွင့်များအား ထုတ်ပေးခဲ့ပြီးနောက် ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၃)ဦးနှင့် အမှတ်(၂)ကုန်ထုတ်စခန်းမှ အကျဉ်းသား (၂၇)ဦး၊ စုစုပေါင်းအကျဉ်းသား (၅၀)ဦးတို့အား အကျဉ်းဦးစီးဌာနအစီအစဉ်ဖြင့် ရထားဘူတာနှင့် ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)