မိုင်းဖြတ် ၊ ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အ.ထ.က(မိုင်းဖြတ်)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၃ ရက် နံနက် ၉ နာရီက ကျောင်းဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပထမဦးစွာ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် စစ်ဆင်ရေကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသန့်လွင်စိုးက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုး၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးထွန်းရွှေတို့က အမှာစကားများ ပြောကြားခဲ့ပြီး အ.ထ.က(မိုင်းဖြတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာကြည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် စစ်ဆင်ရေကွပ်ကဲရေးမှူးနှင့် နယ်မြေခံတပ်ရင်းမှ အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက (Grade-12)ဘာသာရပ်သင်ထူးချွန်ဆရာ၊ ဆရာမများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ကျောင်းအဆင့်များတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု(၁၉၈)ဆုကို အသီးသီးပေအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)