ပြင်ဦးလွင် ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် (၈) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဆုရရှိသူ (E+အမျိုးသမီး(၆)ဦး)နှင့် အင်္ဂလိပ်စာထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်း၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ လောကအားမာန်သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ သင်္ချာထူးချွန်၊ ခရိုင်/မြို့နယ်အဆင့် ကျောင်းဥပဓိရုပ်ဆုရကျောင်းများ၊ အထိမ်းအမှတ်နေ့များတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးနိုင်ရေး ပါဝင်ကူညီပေးခဲ့ကြသူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)