ရန်ကင်းမြို့နယ်လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ရန်ကင်း ဇန်နဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လေ့ကျင့်ရေးအလယ်တန်းကျောင်းတွင် ယနေ့နံနက်(၈)နာရီက မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို Grade-9 ကျောင်းသားကျောင်းသူလေးများမှ “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်ရေးအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး  ဒေါ်ပွင့်ဖြူခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဒုဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး၀င်းမှ ပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေမှ ရရှိသုံးစွဲမှုကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် Grade-3 ကျောင်းသူလေးများက “ဗမာမလေး” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ တိုင်းခရိုင်၊ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနေ့ အထိမ်းအမှတ် ပန်းချီဆုများ၊ ကျောင်းကျန်းမာရေးနေ့ အထိမ်းအမှတ်ပန်းချီဆုများ၊ အမျိုးသားနေ့ အထိမ်းအမှတ် ပန်းချီ ကျပန်းစကား‌ ပြောပြိုင်ပွဲ၀င်ဆုများ၊ စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် စာစီစာကုံး ကဗျာရွတ် ပုံပြောပြိုင်ပွဲ၀င်ဆုများ၊ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲ၀င်ဆုများ၊ အဂတိလိုက်စားမှုပပျောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၀င်ဆုများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၀င်ဆုများ၊ သင်္ချာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်၊ လူရည်ချွန်ဆုများ စသည့် ကာယဉာဏဆုများ အသီးသီးတို့ကို တာ၀န်ရှိသူများက ချီးမြှင့်‌ပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းအစုံအလင်၊ ရသအစုံအလင်ဖြင့် တင်ဆက်ကပြဖျော်ဖြေ‌ပေးခဲ့ကြသည်။

အခမ်းအနားအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၀င်များ၊ ရပ်မိရပ်ဖများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

ရဲလေး(ပြန်/ဆက်)