တောင်ဥက္ကလာပ ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက်(၉း၃၀)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့အတွက် ရည်ရွယ်ကာ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းတွင် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးထွေးမြင့်က အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်များ၏ကဏ္ဍကို မြှင့်တင်ပေးရန်၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော အသိပညာ တိုးပွားသော လူငယ်များ ဖြစ်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည် မြင့်မားလာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးတတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုဆွေးနွေးတတ်စေရန် စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း အခမ်းအနားကို စတင်ကျင်းပခဲ့ရာ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းနှင့် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းဆရာမ ဒေါ်ယဉ်နွယ်စိုးတို့မှ (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-9 ကျောင်းသား မောင်ဆလိုင်းလင်းရောင်ရှိန်မှ လူငယ်နှင့်စာပေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-7 ကျောင်းသား မောင်မြတ်မင်းခန့်မှ လူငယ်နှင့် နည်းပညာ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မစုယွန်းပိုင်မှ လူငယ်နှင့်ယဉ်ကျမှု ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသူ မလင်းလက်စံမှ လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း Grade-9 ကျောင်းသူ မသိမ့်သိမ့်ဦးမှ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-8 ကျောင်းသား မောင်ကျော်ဇင်ဟိန်းမှ လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ၎င်းတို့၏ မေးမြန်းချက်များကို ဆွေးနွေးသူ ကျောင်းသား/သူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြထားသော သုတ/ရသ စာအုပ်စာပေများနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)