ရန်ကင်း ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲကို သင်္ဃန်းကျွန်းခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ယနေ့နံနက် ၉နာရီက အမှတ်( ၈) ရပ်ကွက်ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှအဖွဲ့ဝင် ဒေါ်စန်းစန်းထွေးက အမှာစကား ပြောကြားခြင်း၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အမှာစကား ပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို ကျင်းပသည်။
ဆက်လက်၍ ပြိုင်ပွဲမှ ဆုရရှိသော သားကောင်းမိခင်နှင့်ကလေးများအား ပြိုင်ပွဲအမျိုးအစား အလိုက်ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲဝင်သူများကို အမှတ်တရအဖြစ် အရုပ်များနှင့်ပေါင်ဒါဘူးများ ပေးအပ်၍ အာဟာရအဖြစ် ကော်ဖီနှင့်မုန့်များ ကျွေးမွေးသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်မိခင်နှင့်ကလေးများ တက်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)