နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် နည်းစနစ်တကျ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ စာရေးရိက္ခာ ဖူလုံရေးအတွက် စိုက်ဧကများအလိုက် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးရေး၊ သီးထပ်စွမ်းအား ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ အသုံးပြုရေးတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း၊ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ ဆီစက်လုပ်ငန်းများ တိုးချဲ့ရေး၊ လိုအပ်သည့်ကုန်ကြမ်းများ လုံလောက်စွာရရှိရေး၊ ပြည်တွင်း ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စားသုံးကုန်ပစ္စည်းများကို ဒေသတွင်းလုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် သစ်တောသစ်ပင်များ ထိန်းသိမ်းရေးနှင့် စိမ်းစိုသော ပတ်ဝန်းကျင်များဖြင့် Green Zone များ ဖြစ်စေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အခြေခံပညာကျောင်းများ၏ ကျောင်းတက်ရာခိုင်နှုန်း၊ တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများ ပြည့်မီစေရေး၊ အဆင့်မြင့် ပညာတက်ရောက်သင်ကြားမှုများ တိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရရှိစေရေးအတွက် အခွန်စည်းကြပ်ကောက်ခံမှု လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဦးညီညီမင်းက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)