ငါန်းဇွန်မြို့နယ်ရုံး၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းနှင့် မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

ငါန်းဇွန် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆို၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပခြင်းနှင့်၊ မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြိုင်ပွဲများ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲများ၏ အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အမှတ်(၁၊ ၂၊ ၃၊ ၄)အခြေခံပညာမူလတန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၅)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၃)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/သူ(၁၄)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် ကျောင်းသား/သူများအား အမှတ်(၁၊ ၂၊ ၃၊ ၄)အခြေခံပညာမူလတန်းကျောင်းများမှ ဆရာမများနှင့် ဦးစီးအရာရှိ ဒေါ်နေခြည်ဦးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ဆရာမများနှင့် ကျောင်းသား/သူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော သုတရသစာအုပ်စာစောင်များ၊ ရုံးရှေ့နံရံကပ်စာစောင်နှင့် မြေစိုက်ဘုတ်တွင် ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း၊ မိသားစုဓာတ်ပုံများနှင့် နိုင်ငံရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား စိတ်ဝင်စားစွာ လှည့်လည်ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။                      

သက်နောင်ဦး(ငါန်းဇွန်)