ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပုဗ္ဗသီရိ ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက Moderator  အဖြစ် ဆောင်ရွက်ပြီး ကျည်တောင်ကန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ မောင်စည်သူအောင် (Grade-10) က “လူငယ်နှင့် အင်တာနက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စွမ်းပြည့်အောင်(Grade-10)က “လူငယ်နှင့် တာဝန်ယူစိတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်ပြည့်စုံ (Grade-11) က “လူငယ်နှင့်စာဖတ်ခြင်းအလေ့အထ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမြတ်နိုး (Grade-11)က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ (ပြန်/ဆက်)