ခရမ်း ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွက်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နက်ပိုင်းတွင် ခရမ်းမြို့ အ.ထ.က(၂)မြို့မကျောင်း၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဆွေဦးဆောင်၍ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျောင်းတွင် အတန်းစဥ်အလိုက် အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ခြင်းခတ်၊ ဘောလုံးပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ပွဲကျင်းပ၍ ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့သည်။
ထို့ပြင် အားကစားပြိုင်ပွဲများကို ခရမ်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ပြိုင်ပွဲများကျင်းပပေးလျက်ရှိကြောင်းနှင့် ကျောင်းသားလူငယ်များကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံစေရေးတို့အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရမ်း(ပြန်/ဆက်)