မိုးကုတ်မြို့နယ် ပိတ်စွယ်နယ်မြေ (၂)ရပ်ကွက်တွင် နေအိမ် ၁၂ လုံး မီးလောင်မှုဖြစ်ပွား

မိုးကုတ်  ဇန်နဝါရီ   ၉ ရက်

မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု ပိတ်စွယ်နယ်မြေ (၂)ရပ်ကွက်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ဦးသန်းထွန်း(ခ)အားတီသည် နေအိမ်အပေါ်ထပ်တွင် ဆေးလိပ် သောက်ပြီး ထားရှိခဲ့ရာမှ ဆေးလိပ်မီးကြွင်း မီးကျန်မှတစ်ဆင့် ခြင်ထောင်အား ကူးစက်လောင်ကျွမ်းကာ ၎င်း၏သွပ်မိုးထရံကာ ၂ ထပ်နေအိမ်မှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ အနီးပတ်ဝန်းကျင် နေအိမ်များအား ကူးစက်လောင်ကျွမ်းခဲ့သည့်အတွက် စုစုပေါင်း နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအား နယ်မြေခံတပ်မတော်သားများ၊ မိုးကုတ်မြို့နယ် ယာယီအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ရပ်ကွက်နေပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးညွန့်ကျိုးပြီး ၂ နာရီခွဲတွင် မီးငြိမ်းခဲ့ပြီး လူနှင့်တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးဘေးသင့်အိမ်ထောင်စု ၁၄ စုမှ လူဦးရေ ၆၂ ဦးအား နီးစပ်ရာဆွေမျိုးများနှင့် ဘုရားရှိခိုးကျောင်းတွင် ယာယီ တည်းခိုနိုင်ရန် ဆောင်ရွက်ထားရှိပြီး ယာယီကျွေးမွေးမှုအား ရပ်ကွက်အစီအစဉ်ဖြင့် ဆောင်ရွက်ထားလျက်ရှိကြောင်း၊ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းထွန်း(ခ)အားတီအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာမြင့်(မိုးကုတ်)