ညောင်ရွှေ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၂၀၂၅-ခုနှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းမုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်း၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်အေးတို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဘင်ခရာတပ်ဖွဲ့၊ ပန်းဖွားအကအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအဖွဲ့များက တေးသံသာများ တီးမှုတ်ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအစီစဉ် ဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါတယ် စုံညီပွဲတော်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို စတင်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာကြီး ဦးအောင်နိုင်အေးက ကျေးဇူးတင်စကားပြောကြား၍ ကျောင်းကော်မတီဝင်တစ်ဦးက တစ်နှစ်တာဆောင်ရွက်ခဲ့သည့် ဆောင်ရွက်ချက်များကို တင်ပြခဲ့သည်။
၎င်းနောက် လူရည်ချွန်ဆုရရှိခဲ့ကြသူများ၊ အတန်းစဉ်အသီးသီး၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ စာပေ၊ ဂီတ၊ အားကစားကဏ္ဍအသီးသီး၌ ဆုရရှိခဲ့ကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများ၊ အကအလှများဖြင့် တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြသည်။
အလားတူ အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၏ ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်း၌လည်းကောင်း၊ အောင်အင်းလေးကိုယ်ပိုင်အထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ဟူပင်ဟိုတယ်ခန်းမ၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ