ကွန်ဟိန်း ဇန်နဝါရီ ၃
ပွင့်လင်းရာသီ၌ မတော်တဆမီးလောင်မှုမရှိစေရေးနှင့် စျေးအတွင်းရှိ စျေးဆိုင်ခန်းများ မီးလန့်မှုမဖြစ်ပွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့မစျေးအတွင်း၌ စျေးမီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းကျော်က မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မတော်တဆ ဆီပူဒယ်အိုးမီးလောင်မှုအား မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ကားဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး စျေးသူစျေးသားများကိုလည်း မီးငြှိမ်းသတ်မှုများကို လက်တွေ့လေ့ကျင့်ဆောင်ရွက်စေခြင်းများ ဆောင်ရွက်ပြီး မြို့မစျေးတွင်း၌ မီးသတ်ဆေးဘူးတပ်ဆင်ထားရှိမှုနှင့် လျှပ်စစ်ဝါယာကြိုးများတပ်ဆင်ထားရှိမှုအခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦးနှင့် စည်ပင်ဝန်ထမ်းများ၊ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ လက်ထောက်အင်ဂျင်နီယာ ဦးဝေလင်းသန့်နှင့် စျေးသူ/စျေးသားများ တက်ရောက်ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)