တာချီလိတ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအသီးသီး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)မှ နဝမတန်း ကျောင်းသား၊ ကျောင်းသူလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ကာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလှက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ဆု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အဆင့်(A)ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် လူရည်ချွန်၊ အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ထူးချွန်ဆု၊ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ ဆိုကရေးတီးပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အလားတူ တာချီလိတ်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)