ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၉:၃၀) နာရီက စံပြရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က(လေးရွာ)မှ ကျောင်းသား/ ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းကို သံပြိုင်သီဆိုဖွင့်လှစ်ပေးကြပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်က စုံညီပွဲတော်များနှစ်စဉ် ကျင်းပပြုလုပ်ပေးရခြင်းအကြောင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများကို ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အခြေခံပညာကျောင်းများမှ ကျောင်းသူ/ ကျောင်းသူလေးများက အက/ အလှ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေကြပြီး၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက လူမှုရေး၊ ကျန်းမာရေးနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အ.ထ.က (၁) ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန် သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုပ်သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် ပညာရေးမှူး ကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆုရကျောင်းသားကျောင်းသူများနှင့် ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ စုစုပေါင်း (၇၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)