မိုင်းယောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်များ ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်ပညာရေးစုံညီပွဲတော်ကို ကျင်းပသည်။

စုံညီပွဲတော်တွင် ခရိုင်ပညာရေးမှူး ဦးတင့်ဆွေနှင့် မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်တို့က အမှာစကားပြောကြား၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကာယဉာဏပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး မြို့နယ်ပညာရေးစုံညီပွဲတော်အတွက် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသက်နောင်ထူးက ဂုဏ်ပြုငွေ ကျပ် ၂၀၀၀၀၀၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ဂုဏ်ပြုငွေကျပ် ၁၀၀၀၀၀ ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ တက်ရောက်ကြသည်။

အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဇန်နဝါရီ ၃ ရက်က ကျောင်းအလိုက် ပညာရေးစုံညီပွဲတော်ကို တပျော်တပါး ကျင်းပဆင်နွှဲကြကြောင်း သိရသည်။

ဝေဝေခိုင်(ပြန်/ဆက်)