မိုင်းပျဉ်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ တပ်နယ်မှူး ဒုဗိုလ်မှူးကြီး စောဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နန်းဟွမ်နွမ်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းအရင်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးပြက္ခဒိန်ပါ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးတို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားသို့ တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)