ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ် အဆင့်ပညာရေး စုံညီပွဲတော်ကျင်းပ

ဟိုပုံး ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁) အခြေ ခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အမှာစကားပြောကြားရာတွင် ဒီနေ့ပညာရေးစုံညီပွဲတော်ကတော့ ဆရာ၊ ကျောင်းသား၊ မိဘစုံညီစွာတွေ့ဆုံကြပြီး စည်းလုံး ညီညွတ်စွာနဲ့ ပညာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်နိုင်ကြစို့ ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ဖို့ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ဆိုတဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စာရိတ္တပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှု၊ ဉာဏပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုစတဲ့ ဖွံဖြိုးမှုငါးရပ်နဲ့ ပြည့်စုံတဲ့ ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာအောင်ပြုစုပျိုးထောင်ပေးဖို့ဖြစ်ကြောင်း ပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က အမှာစကား အသီးသီးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုများကိုလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာပေထူးချွန်ဆု များကိုလည်းကောင်း၊ အထိမ်းအမှတ်နေ့များတွင် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုများကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)