ရန်ကုန်တိုင်းဒေသကြီး၌ သားဆက်ခြားနည်းလမ်းများ သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် သားဆက်ခြားနည်းလမ်းများ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အလုပ်အမှုဆောင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တိုင်းကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသူများတက်ရောက်ကြသည်။

‌ဦးစွာ ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေက အဖွင့်အမှာစကားပြောကြားခဲ့ရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် နိုင်ငံတဝှမ်းလုံးမှာရှိသည့် မိခင်နှင့်ကလေးများအပါအဝင် မိသားစုများ၏ ကျန်းမာရေး ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ခြင်းဆိုသည့် ရည်ရွယ်ချက်နှင့် ၁၉၉၁ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့သည့် စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊

ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အနေနှင့် မြို့နယ်အသင်းပိုင်သားဖွားခန်း(၁၅)ခုဖွင့်လှစ်ထားပြီး ကျေးလက်ဒေသနှင့် မြို့ပေါ်ဆင်ခြေဖုံးရပ်ကွက်များမှာ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူစေရေး၊ ကျွမ်းကျင်သူနှင့်မွေးဖွားနိုင်ရေး၊ လိုအပ်ပါကညွှန်းပို့ခြင်းကျန်းမာရေးပညာပေးခြင်း၊ မွေးပြီးမိခင်စောင့်ရှောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ကာ မိခင်နှင့်ကလေးသေနှုန်း ကျဆင်းရေးအတွက် ကိုယ်ဝန်ဆောင်စဉ်တွေ့ကြုံရသည့် အန္တရာယ်လက္ခဏာများနှင့်ပတ်သက်လို့ ကျန်းမာရေးပညာပေးဗီနိုင်းများလည်း ထုတ်ဝေဖြန့်ဖြူးပေးခြင်း၊ သားဖွားခန်းတိုင်းတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးပညာပေးခြင်း၊ မိသားစုစီမံကိန်းသားဆက်ခြားဝန်ဆောင်မှုပေးခြင်းများ တစ်ဖက်တစ်လမ်းက ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသူအသင်းဝင်များအနေနှင့်လည်း ယခုသင်တန်းမှာပို့ချပေးလိုက်သည့် သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြပြီး မိမိတို့၏အရည်အသွေးမြင့်တက်လာအောင် မိမိပတ်ဝန်းကျင်မှာရှိသည့် ပြည်သူလူထုအတွင်း ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ၊ ကာကွယ်ကုသခြင်းဆိုင်ရာနည်းပညာများ၊ မှန်ကန်စွာပျံ့နှံ့ရောက်ရှိဖို့အတွက် ကြိုးစားသင်ယူစေချင်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)