ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကျောက်ဆည် ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းတက်မှန်သော ဆရာ/ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးများရရှိအောင် သင်ကြားပေးနိုင်ခဲ့သော ဆရာ/ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး ကျောင်းအကျိုးတော်ဆောင်များဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဒေါ်အေးမြမွန်နှင့် တာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် national  award 2024 (ICT) ပြိုင်ပွဲ၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် လူရည်ချွန်ပြိုင်ပွဲ၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် အင်္ဂလိပ်/သင်္ချာ ထူးချွန်ပြိုင်ပွဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာစီစာကုံးပြိုင်ပွဲ၊  (၁၀၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် အထက်တန်း/အလယ်တန်းဆင့် စာစီ စာကုံး၊ ပန်းချီ၊ကဗျာပြိုင်ပွဲများ၊ (၈၀)ကြိမ်မြောက် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် စာစီစာကုံး၊ ကျပန်းပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားသို့ တက်ရောက်လာသူများအား “ဦးရွှေရိုး+ဒေါ်မိုးအက”၊  “နှလုံးသားကိုအလှဆင်ပါ”၊ “လောကအားမာန်”၊ “နောက်အင်းလေးကိုလာဖို့ ဖိတ်ခေါ်တယ်”၊ “တင့်တင့်တို့အရွယ်”၊ “တစ်ခေတ်နွမ်း တစ်ခေတ်ဆန်း”၊ “ဇာတိမာန်” စသည့် သီးချင်းများဖြင့် ဧည်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)