တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

တံတားဦး ဇန်နဝါရီ ၃

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီက တံတားဦးမြို့နယ် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းမှ ကျောင်းသား/ သူများက “ကြိုဆိုပါသည်စုံညီပွဲတော် “သီချင်းဖြင့် သီဆို၍ ဖွင့်လှစ်ပေးပြီး တံတားဦခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါကြောင်း တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ထူးခွန်ထက်မြတ်သော ကျောင်းသား/ သူများအား ယနေ့ကျင်းပသည့် ပညာရေးစုံညီပွဲတော်တွင် ဆုချီးမြှင့်ခြင်းအားဖြင့် နိုင်ငံတော်အတွက် အားထားရသော လူငယ်လူရွယ်များ ပေါ်ထွန်းလာရေးနှင့် ပညာရေးတွင် ကြိုးစားသင်ယူလိုစိတ်များရှိသော ကျောင်းသား/ သူများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့အဖွဲ့ဝင်များ၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိများက ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာနှုန်းပြည့် အခြေခံပညာကျောင်းများ၊ သန့်ရှင်းသာယာလှပသော အခြေခံပညာကျောင်းများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုရ ကျောင်းသား/ သူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရကျောင်းသား/ သူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အ.ထ.က တောင်ဘီလူ ကျောင်းသား/ သူများက “ဘက်စုံပညာရည်တို့လှမ်းချီ ” သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းပေးကြောင်း သိရသည် ။

အလားတူ သူငယ်တော်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင်လည်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျေးရွာ ကျွန်းရွှေဝါအဆောင်တွင်လည်း ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ရဲတင့်(ပြန်/ဆက်)