တောင်ကြီးမြို့၊ ဂနိုင်ကန်အမှတ်(၂) ပတ်လမ်းနှင့် ရှုခင်းသားပန်းခြံရှေ့ ကွန်ကရစ်ရေမြောင်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဇန်နဝါရီ ၃

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဂနိုင်ကန်အမှတ်(၂) ပတ်လမ်းတည်ဆောက်ခြင်း၊ ကန်လမ်းကွန်ကရစ်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ကန်အမှတ်(၂) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဖြစ်သည့် ကန်၏ အရှေ့ဘက်၊ တောင်ဘက်ခြမ်းလျှောက်လမ်းခင်းခြင်းလုပ်ငန်း၊ ရေကျော်မြောင်းတံတားထိုးခြင်းလုပ်ငန်း၊ ကန်၏ အနောက်ဘက်ခြမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရေထိန်းတံခါးတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုင်းထွန်းထွန်းနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရှုခင်းသာပန်းခြံရှေ့ ကွန်ကရစ် ရေမြောင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ ရှုခင်းသာပန်းခြံရှေ့ ကွန်ကရစ်ရေမြောင်းပြုလုပ်ဆောင်ရွက်ခြင်းကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရံပုံငွေဖြင့် ဆောက်ရွက်ခဲ့ခြင်းဖြစ်ကာ အဆိုပါ ကွန်ကရစ်ရေမြောင်းပြုလုပ်ခြင်းဖြင့် မြို့တွင်းရှိ ပင်မရေဆိုးထုတ်မြောင်းရေစီးရေလာ ပိုမိုကောင်းမွန်လာခြင်း၊ ယခင်ကထက် မြို့သာယာလှပလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)