ကာလိ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်း ကာလိမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်း (ကဗျာ)၊ အေးအတူပူအမျှ (၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ကျင်းပ သော ဖဆပလညီလာခံကြီးတွင်ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နုတ်ချက်) လွတ်လပ်ရေးကို ကာကွယ်ရမယ် (၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်)၊ အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေး (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်)၊ ဓါတ်ပုံနှင့်သရုပ်ဖော်ရုပ်ပြများ ပါဝင်သည်။
ကာလိ(ပြန်/ဆက်)