မိတ္ထီလာမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ရွှေညာမြေ မြသင်းကြိုင်က ပြိုင်ပွဲကျင်းပရခြင်းအကြောင်းနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ရာ ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်ပြိုင်ပွဲများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ၎င်းပြိုင်ပွဲများကို မိတ္ထီလာမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်နှင့် မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းမြို့နယ်များရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)