ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်အသစ်ဆောက်လုပ်ခြင်းနှင့် အဟောင်းပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

ကျောက်ပန်းတောင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့်၊ လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာစာကြည့်တိုက်အသစ် ဆောက်လုပ်ခြင်းနှင့် လက်ပံပင်ကျေးရွာအုပ်စုဝါးရုံကုန်းရွာသစ် ကျေးရွာစာကြည့်တိုက်အဟောင်း ပြုပြင်ခြင်းလုပ်ငန်းများမှာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီ၏ မတည်ငွေ ကျပ်သိန်း ၁၅၀ ဖြင့်၊ မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီမှ အနီးကပ်ကြီးကြပ်၍ လယ်ယားတောင်ကျေးရွာအုပ်စု၊ တောင်ခြေကျေးရွာတွင် အုတ်ညှပ်၊ သွပ်မိုး တစ်ထပ် စာကြည့် တိုက်အသစ် (၁)တိုက်ကို၊ (၂၈-၉-၂၀၂၄)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး၊ မတည်ငွေ ကျပ်သိန်း(၅၀)ဖြင့် လက်ပံပင်ကျေးရွာအုပ်စု ဝါးရုံကုန်းရွာသစ် ကျေးရွာစာကြည့်တိုက်အဟောင်း ပြုပြင်ခြင်းလုပ်ငန်းများကို၊ (၂၉-၁၀-၂၀၂၄)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး၊ ယခုအခါ အဆိုပါစာကြည့်တိုက်အသစ် ဆောက်လုပ်ခြင်းနှင့် အဟောင်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါစာကြည့်တိုက် အသစ်နှင့်အဟောင်းတို့တွင် စာအုပ်ဘီရို၊ စာရေးစားပွဲနှင့် ထိုင်ခုံများ၊ စာအုပ်တင်စင် အစရှိသည့် ပရိဘောဂများပါ ပြည့်စုံနေပြီဖြစ်ပြီး၊  လိုအပ်နေသည့် သုတ/ရသ စာအုပ် စာစောင်များအား ဝယ်ယူခြင်း၊ အလှူခံခြင်း စသည်ဖြင့် ဖြည့်တင်းသွားရန်နှင့် ကျေးရွာရှိ လူကြီး/လူငယ်၊ ကျောင်းသား/ကျောင်းသူများ အမြန်ဆုံး စာပေဖတ်ရှု အသုံးပြုလေ့လာ နိုင်စေရန်  မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)