မိုင်းပျဉ်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ၂၀၂၅ ခုနှစ် ယနေ့ နံနက်(၉)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနား ပထမပိုင်းအစီအစဉ်အရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ တပ်နယ်မှူး ဒုဗိုလ်မှူးကြီး စောဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်၊ မြိ့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ ဖန်တီးထားကြသော ပန်းချီ၊ စိုက်ပျိုးရေးနှင့် လက်မှုအနုပညာပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးကြသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဟွမ်နွမ်းက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းအကြောင်းအရင်းနှင့် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးပြက္ခဒိန်ပါ မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်းတို့ကို တာဝန်ရှိသူအသီးသီးတို့က ပေးအပ်ချီးမြှင့် ပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများက အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တပ်နယ်မှအရာရှိကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)