လွိုင်လင်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပါသည်။

ဦးစွာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းကိုကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့်အဖွဲ့ဝင် ဦးခွန်ထွန်းမောင်၊ ခရိုင်ပညာရေးမှူး ‌ဒေါက်တာမြင့်မြင့်အေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် မြို့နယ်ပညာရေးမှူး ဦးသန်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပညာရေးစုံညီပွဲတော် အိမ်တွင်းမှုသင်ထောက်ကူနှင့် ဓာတ်ပုံပြခန်းများကို ကြည့်ရှုအားပေးပြီးနောက် စုံညီပွဲတော်အခမ်းအနားသို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် အ.ထ.က(၁) ကျောင်းသား/သူ‌များမှ စုံညီပွဲတော်တို့နွဲပျော်သီချင်း သီဆို၍ဖွင့်လှစ်ပေးပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးတို့က အသီးသီးအမှာစကားပြောကြားကြသည်။ ဆက်လက်၍ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/သူများအား အကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ပေးကြသည်။ ဆက်လက်၍ ကျောင်းအသီးသီးမှ ကျောင်းသား/သူများက အဆိုအကတေးသီချင်းများဖြင့် သီဆိုကပြကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ လွိုင်လင်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်သို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ/မကြီးများ၊ ဆုရကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး